#အောင်မြင်မှုဆိုတာ ဘာလဲ
(အချိန် ၁မိနစ်လောက် ပေးဖတ်ပါ) 💙
လူငယ်တွေမှာ လွဲမှားနေတဲ့ အယူအဆတစ်ခု ရှိပါတယ်။ အဲဒါက ကျော်ကြားထင်ရှားတဲ့ ရုပ်ရှင်မင်းသား မင်းသမီးဖြစ်မှ၊ နာမည်ကြီးအဆိုတော်ဖြစ်မှ၊ ၁၀ တန်းကို ဂုဏ်ထူး ၆ ခုနဲ့ အောင်မှ အောင်မြင်တယ်လို့ ထင်နေကြတာပါ။ လူတွေရဲ့ ချီးမွမ်းခံရမှ၊ အများရဲ့ အသိအမှတ်ပြုခံရမှ အောင်မြင်တယ်လို့ ထင်နေကြတာပါ။ ဒါ မမှန်ဘူးဆိုတာကို အောက်ပါအဖြစ်အပျက်လေးကို ဥပမာထားပြီး ပြောပြချင်ပါတယ်။
မြို့တစ်မြို့မှာ ကျင်းပတဲ့ အမျိုးသမီးမာရသွန် အပြေးပြိုင်ပွဲလေး စပါတော့မယ်။ အဲဒီပြိုင်ပွဲကို ၀င်ပြိုင်ကြမယ့် ၅၀ ကျော်ထဲက အမျိုးသမီးလေး သုံးယောက်အကြောင်းပါ။
ပထမအမျိုးသမီးလေးရဲ့ ရည်မှန်းချက်က သူနောက်ဆုံးပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာ ရခဲ့တဲ့ စံချိန် ၃ နာရီ ၅၃ မိနစ်ထက် စက္ကန့်အနည်းငယ် လျှော့ပြီး ပန်းဝင်နိုင်ဖို့ပါ။ ဒီနေ့ သူ မှန်းထားတာက စံချိန် ၃ နာရီ ၅၀ မိနစ် ဒါမှမဟုတ် ၃ နာရီ ၅၁ မိနစ် ဖြစ်ဖို့ပါ။
ဒုတိယအမျိုးသမီးလေးရဲ့ ရည်မှန်းချက်က ဒီပြိုင်ပွဲကို ပန်းဝင်ဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ မာရသွန်ပြိုင်ပွဲကို အရင်က တစ်ခါမှ မပြိုင်ခဲ့ဖူးဘူး။ ဒါကြောင့် သူ့အတွက် စံချိန်ဆိုတာ အရေးမကြီးပါဘူး။ ပန်းဝင်တဲ့အထိ ပြေးနိုင်ဖို့ပါပဲ။
တတိယအမျိုးသမီးလေးရဲ့ ရည်မှန်းချက်ကျတော့ ဒီမာရသွန်ပြိုင်ပွဲမှာ ပန်းမ၀င်ရင်လည်း နေပါလေ့စေ။ သူ ဘယ်လောက်ဝေးဝေး ပြေးနိုင်သလဲဆိုတာကို စမ်းသပ်ကြည့်ဖို့ပါ။
အခု ဒိုင်က တာလွှတ်တဲ့ သေနတ်ကို ပစ်ဖေါက်လိုက်ပြီ။ ပြိုင်ပွဲဝင်သူတွေဟာ တာလွှတ်တဲ့ နေရာကနေ အလုအယက် စပြေးကြပြီ။ လမ်းမှာ ပြေးသူတွေ တဖြည်းဖြည်း လျော့နည်းလာတယ်။ ဘာလို့လဲဆိုတော့ ဆက်မပြေးနိုင်သူတွေဟာ လမ်းတစ်ဝက်မှာတင် ဘေးကို ထွက်ကုန်ကြလို့ပါ။
စောစောက အမျိုးသမီးလေး သုံးယောက်ဟာ ကျန်နေတဲ့ အပြေးသမား လူ ၂၀ တွေနဲ့အတူ ဆက်ပြေးနေကြတယ်။
၃ နာရီကျော်ပြီးတဲ့အခါ ပြိုင်ပွဲဝင်တစ်ယောက်ဟာ ပန်းတိုင်က ဖဲကြိုးကို ကိုယ်နဲ့ တိုက်ဖြတ်ပြီး ပန်းဝင်သွားပါတယ်။ အဲဒါ ဘယ်သူလဲ။ အမျိုးသမီးလေး သုံးယောက်ထဲက မဟုတ်ပါဘူး။ တခြားအပြေးသမား အမျိုးသမီးလေးတစ်ယောက်ပါ။ သူ ပထမဆုံး ပန်းဝင်သူမို့ ပထမဆုကို ရသွားတယ်။ သူနိုင်သွားတယ်။ အမျိုးသမီးလေး ၃ ယောက်ဟာ ပထမဆုံး ပန်းဝင်သူ ၆ ဦးထဲမှာတောင် မပါပါဘူး။
ဒါဆိုရင် သူတို့ ရှုံးသွားကြသလား။ ဆုတစ်ဆုမှ မရကြပေမယ့် သူတို့မရှုံးကြတဲ့အပြင် အသီးသီးဟာ အောင်မြင်မှု ရလိုက်ပါတယ်။ ဘာကြောင့် ခုလို ပြောရတာလဲ။
ပထမအမျိုးသမီးလေးဟာ သူ့အရင်စံချိန်ထက် စက္ကန့်အနည်းငယ်လျော့ပြီး ပန်းဝင်နိုင်ခဲ့လို့ သူ့ရည်မှန်းချက် အောင်မြင်သွားခဲ့ပါတယ်။
ဒုတိယအမျိုးသမီးလေးဟာ ပန်းဝင်တဲ့အထိ ပြေးနိုင်ခဲ့လို့ သူ့ရည်မှန်းချက် အောင်မြင်သွားခဲ့ပါတယ်။
တတိယအမျိုးသမီးလေးဟာလည်း ပန်းတိုင်မရောက်ခင် မီတာ ၄၀၀ လောက်မှာ ဆက်မပြေးနိုင်တော့လို့ ဘေးကို ထွက်လိုက်ရတယ်။ သူ ဒီလောက်အထိ ပြေးနိုင်တာကို အရမ်းဝမ်းသာနေတယ်။ သူလည်း ရည်မှန်းချက် အောင်မြင်သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်လေးက ဘာကိုပြသလဲ။ လူတိုင်းမှာ ရည်မှန်းချက်တွေ ရှိကြတယ်။ ရည်မှန်းချက်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ မိမိရည်မှန်းချက်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်တယ်ဆိုရင် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ အမြဲတမ်း ပထမဆုံးရနေမှ၊ အမြဲတမ်းဆုတွေရနေမှ၊ အမြဲတမ်းလူတွေချီးကျူးနေမှ အောင်မြင်တယ်ဆိုတဲ့ အတွေးကို စိတ်ထဲက ဖျောက်ပစ်လိုက်ပါ။
Success = the accomplishment of an aim or purpose (အောင်မြင်မှု = ရည်မှန်းချက်ကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်း)။ လူတွေ ချီးမွမ်းခံရမယ့် အလုပ်ကို စွမ်းဆောင်နိုင်မှ အောင်မြင်မှုလို့ မပြောပါဘူး။
မိမိအတွက် ဖြစ်နိုင်တဲ့ ရည်မှန်းချက်ပန်းတိုင် ချမှတ်ပါ။ အဲဒီရည်မှန်းချက်ကို ရောက်အောင် ကြိုးစားပါ။ ရောက်ပြီဆိုရင် သင် အောင်မြင်သူတစ်ယောက်ပါ။ သင့်အောင်မြင်မှုကို လူအများ သိဖို့ မလိုပါ။ သင့် စိတ်ထဲမှာ သိနေရင် သင်ဟာ နောက်ထပ်ရည်မှန်းချက်တွေ ချမှတ်ဖို့ စိတ်အားတက်နေပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
မျှဝေပေးပါ 💪
Post a Comment